Source : 7day daily
တရုတ်အစိုးရသည် အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်စပ်မှု ရှိနေကြောင်း စွပ်စွဲချက်ဖြင့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည် ၉ ဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
ရှေးဟောင်းယဉ်ကျေးမှုဇုန်တစ်ခုသို့ သွားရောက်နေသည့် ကမ္ဘာလှည့် ခရီးသွား အုပ်စုအနက် ၉ ဦးကို ဖမ်းဆီးပြီး ၁၁ ဦးကိုမူ နိုင်ငံ၏ ဥပဒေ ချိုးဖောက်ပြီး ရာဇဝတ်မှုများ ကျူးလွန်ကြောင်း စွပ်စွဲချက်ဖြင့် ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း ဇူလိုင် ၁၅ ရက်တွင် တရုတ် အာဏာပိုင်များက ကြေညာသည်။
Gift of the Givers အမည်ရှိ ရန်ပုံငွေ အဖွဲ့က အဆိုပါ ခရီးစဉ်ကို စီစဉ်ပေးခြင်းဖြစ်ပြီး အဖွဲ့ဝင် အချို့ကို တရုတ် အာဏာပိုင်များက ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ နိုင်ငံမြောက်ပိုင်း၊ အတွင်းမွန်ဂိုလီးယား ဒေသမှ အော်ဒေါစ်မြို့သို့ သွားရောက်ခဲ့သူများ၏ ဟိုတယ်ခန်းများအတွင်း အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်စပ်သည့် ဝါဒဖြန့် ဗီဒီယိုများ ရှာဖွေ တွေ့ရှိခဲ့ကြောင်း တရုတ်က စွပ်စွဲထားသည်။ သို့သော်လည်း ဖမ်းဆီးခံရသူများသည် အကြမ်းဖက်မှုများနှင့် ဆက်နွှယ်ခြင်း၊ အခြားရာဇဝတ်မှုများ ကျူးလွန်ခြင်းကဲ့သို့ မှတ်တမ်းမျိုး ရှိမနေဟု ဆိုသည်။ “နိုင်ငံခြားသား ၂၀ ဟာ နိုင်ငံရဲ့ ဥပဒေကို ချိုးဖောက်ပြီး အော်ဒေါစ်မှာ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ သံသယ ရှိတဲ့အတွက် အရေးယူ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်”ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက CNN သတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။ Gift of the Giversသည် တောင်အာဖရိကတွင် အခြေစိုက်ပြီး သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ယင်းအဖွဲ့၏ အဆိုအရ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သူများတွင် တောင်အာဖရိက နိုင်ငံသား ၁၀ ဦး၊ ဗြိတိန် ၉ ဦးနှင့် အိန္ဒိယ နိုင်ငံသား ၁ ဦးတို့ ပါဝင်ကြောင်း သိရသည်။ အဆိုပါ အဖွဲ့သည် တရုတ်နိုင်ငံ၏ ရှေးဟောင်း ယဉ်ကျေးမှု နယ်ပယ်များကို လေ့လာရန် ၄၇ ရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်ခဲ့သော်လည်း ဇူလိုင် ၁၀ ရက်တွင် အော်ဒေါ့စ် လေဆိပ်တွင် ရုတ်တရက် ကြားဖြတ်ဖမ်းဆီး ခံခဲ့ရခြင်းဟု ဆိုသည်။ တောင်အာဖရိက၏ နိုင်ငံတကာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဌာနက မိမိတို့ နိုင်ငံသား ၅ ဦးသည် နေရပ် ပြန်လာနေပြီးဖြစ်ပြီး ကျန် ၅ ဦးမှာ တရုတ်နိုင်ငံတွင် ထိန်းသိမ်းခံထားရဆဲဟု ပြောကြားထားသည်။
_Ref: CNN
No comments:
Post a Comment