မြောက်ဒဂုံမြို့နယ်၌ အိမ်ရှင်များက ပလာယာဖြင့် သွားကိုနုတ်၊ ပါးစပ်ထဲသို့ ရေနွေးပူများ လောင်းထည့်ကာ နှိပ်စက်သည်ဟု ဆိုသည့် အသက်(၁၁)နှစ်အရွယ် အိမ်အကူ မိန်းကလေး၏ ဖြစ်စဉ်အား ဇူလိုင် ၁၆ ရက် တွင် သက်ဆိုင်ရာရဲစခန်း၌ အမှုဖွင့်ရန် စီစဉ်နေကြောင်း သိရသည်။အဆိုပါ မိန်းကလေးငယ်သည် မ--- (၁၁) နှစ်ဖြစ်ပြီး တောင်ဥက္ကလာပမြို့နယ်ရှိ နန္ဒာဝန်ဈေးတွင် ပဲပင်ပေါက်ဖောက်သည့် ပဲစေ့များ ရောင်းချသူဖြစ်ပြီး အိမ်ရှင်ဖြစ်သူ၏ နေအိမ်တွင်လည်း ၀ိုင်းကူလုပ်ပေးရကြောင်း၊ ဇူလိုင် ၁၅ ရက်က တောင်ဥက္ကလာပ နန္ဒာဝန်ဈေး အနီးရှိ မုန့်ဟင်းခါးဆိုင်နှင့် ထမင်းဟင်းရောင်းသည့် ဆိုင်ရှေ့တွင် မူးလဲသဖြင့် အနီးဝန်းကျင်ရှိ လူများက ၀ိုင်းဝန်းပြုစုပေးထားကြောင်း၊ လက်ရှိတွင် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ပေးထားကြောင်း တောင်ဥက္ကလာပမြို့နယ် အမှတ် (၄) ရပ်ကွက် သုတ (၈) လမ်းရှိ လူအများ၏ ပြောကြားချက်အရ သိရသည်။
“ကလေးမလေးက ဈေးနားမှာမူးလဲလို့ ကျွန်တော်တို့ အနီးနားက လူတွေဝိုင်းပြီးပြုစု ပေးထားတယ်။ သူ့ကိုယ်ပေါ်က ဒဏ်ရာတွေက ဘာဖြစ်တာလဲ မေးကြည့်တော့ သူ့အိမ်ရှင်က ခွေးခြေခုံနဲ့ ခေါင်းကိုရိုက်တာလို့ ပြောတယ်။ အရိုက်ခံရရင် သူအော်ငိုလို့ ပါးစပ်ထဲကို ရေနွေးပွက်ပွက် ဆူနေတာကို လောင်းထည့်တယ်လို့ ပြောတယ်။ သွားတွေကိုလည်း ပလာယာနဲ့ နုတ်တယ်လို့ပြောတယ်။ သွားဖုံးတွေကလည်း မညီမညာနဲ့ တွန့်လိမ်နေတာပဲ။ နှုတ်ခမ်းကလည်း စုတ်ပြတ်ယောင်ကိုင်း နေတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အနီးနားက လူတွေက သူ့ကိုခေါ်ထားတော့ သူအိမ်ပြန်ရမယ်တဲ့ အိမ်မပြန်ရင် သူ့အိမ်ရှင်က ရိုက်လိမ့်မယ်လို့ပြောတယ်။ စခန်းကိုသွားပြီး အမှုဖွင့်တော့ စခန်းက ဆေးရုံက ဆေးစာယူရမယ်ပြောလို့ ရန်ကုန်ဆေးရုံကြီးက ဦးနှောက်နဲ့ အာရုံကြောမှာ ဆရာဝန်တွေနဲ့ ပြထားခဲ့တယ်။ ဒီကလေးမက ကျွန်တော်တို့နဲ့ သွေးသားမတော်စပ်ပါဘူး။ ကူညီပေးရုံ သက်သက်ပါ။ သူ့အမေက မန္တလေးမှာနေတယ်ဆိုလို့ အကြောင်းကြားတယ်။ ဆေးစာက ရဲစခန်းကို ရောက်သွားပြီ။ အမှု ဖွင့် မဖွင့်ကတော့ မသိရသေးဘူး” ဟု အဆိုပါ မိန်းကလေး ကူညီစောင့်ရှောက်ခဲ့သူ တောင်ဥက္ကလာပ (၄) ရပ်ကွက် သုတ (၈)လမ်းနေ ကိုဇော်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး တောင်ဥက္ကလာပ မြို့မရဲစခန်းအား ဆက်သွယ်မေးမြန်းရာ “ကောင်မလေးကို ကူညီပေးတဲ့ တောင်ဥက္ကလာပကလူတွေ စခန်းကို လာမေးတော့ သူတို့တရားလိုအနေနဲ့ အမှုဖွင့်ချင်ဖွင့်လို့ ပြောထားတယ်။ သူတို့က ကာယကံရှင်ရဲ့အမေလာမှ အမှုဖွင့်မယ်လို့ ပြန်ပြောတယ်။ အမှု ဖွင့် မဖွင့်က နစ်နာတဲ့သူရဲ့ ဆန္ဒပေါ်မှာ မူတည်တယ်။ သူတို့ အမှုဖွင့်မယ်ဆိုရင် အဆင်သင့်ပဲ။ တကယ်လို့ နစ်နာသူက ကျွန်တော်တို့စခန်းက တရားလိုအနေနဲ့ အမှုဖွင့်ပေးပါလို့ ပြောရင်လည်း ဖွင့်ပေးပါ့မယ်” ဟု တောင်ဥက္ကလာပမြို့နယ် ရဲစခန်းမှ ဒုရဲမှူးဆန်းထွန်းက ပြောကြားသည်။
“ကာယကံရှင်မိန်းကလေး အမေက စခန်းလာပြီး အမှုဖွင့်မယ်လို့ ပြောပါတယ်။ တကယ်လို့ ကာယကံရှင်တွေ အမှုမဖွင့်ခဲ့ရင် ကျွန်တော်တို့စခန်းက တရားလိုပြုလုပ်ပြီး အမှုဖွင့်သွားမှာပါ” ဟု တောင်ဥက္ကလာပမြို့မ ရဲစခန်း တာဝန်ကျရဲအရာရှိ ဒုရဲအုပ်တေဇာမင်းက ပြောကြားသည်။
အိမ်အကူ မိန်းကလေးအား ညှဉ်းပန်းနှိပ်စက်သည်ဟုဆိုသည့် မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သည့် အိမ်ရှင်ဖြစ်သူ မ --- အား အထက်ပါကိစ္စနှင့် ပတ်သက်၍ The Daily Eleven သတင်းစာက ဆက်သွယ်မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခြင်း မရှိပေ။

Writer:
ရှိုင်းလင်းအောင်
Source : eleven media
No comments:
Post a Comment