Dear all Readers

I will post free 3d models, textures and lessons to this blogs for all of reader who want to learn about visualization field, especially beginner and who can't find easily visualization accessories, textures and lessons.


Free World Stuff ကို လာရောက်လည်ပတ်ကြတဲ့ မိတ်တွေ အတွက် ဒီ blog လေးက အထောက်ကူ ဖြစ်မယ် လို့ မျှော်လင့်ပါတယ် အခုမှ 3d visualizer or interior designer ဖြစ်ဖို့ ကြိုး စားနေတဲ့ မိတ်ဆွေ အတွက် Free World Stuff ကနေပြီးတော့ free 3dmodels, textures နဲ့ Lessons တွေကို အတတ်နိုင်ဆုံး ပြည့်စုံ ပြီး update ဖြစ်နေအောင် တင်ပေးသွားပါ့မယ်............

Thursday

Eleven Media Group ၏ CEO အား လုပ်ကြံမှုဖြစ်စဉ်


Eleven Media Group ၏ CEO အား လုပ်ကြံမှုဖြစ်စဉ်မှ ကျူးလွန်သူနှစ်ဦး ဖမ်းမိစဉ် ရဲတပ်ဖွဲ့က သတင်းများ အလျင်အမြန် ထုတ်ပြန်ခဲ့သော်လည်း နောက်ထပ် နာရီ ၃၀ ကျော် ကြာသည်အထိ သတင်းထပ်မံ ထုတ်ပြန်ခြင်းမရှိ
Eleven Media Group ၏ CEO လုပ်ကြံခံရမှုဖြစ်စဉ်မှ ကျူးလွန်သူနှစ်ဦး ဖမ်းမိစဉ်က ရဲတပ်ဖွဲ့မှ သတင်းများ အလျင်အမြန် ထုတ်ပြန်ခဲ့သော်လည်း နောက်ထပ် နာရီ ၃၀ ကျော်ကြာသည်ထိ ထပ်မံသတင်း ထုတ်ပြန်ခြင်း မရှိတော့ကြောင်း သိရသည်။
ဇူလိုင် ၁၄ ရက် ညနေ ၆ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့သော အဆိုပါ လုပ်ကြံမှုဖြစ်စဉ်မှ ကျူးလွန်သူများ အသုံးပြုစီးနင်းခဲ့သည့် ယာဉ်နှင့် ယာဉ်မောင်းအား ဖမ်းမိမှုကို ယင်းည ၉ နာရီကျော်ခန့်တွင် လည်းကောင်း၊ ဇူလိုင် ၁၅ ရက် နံနက်အစောပိုင်းတွင် ကျူးလွန်မှု၌ ပါဝင်သူတစ်ဦးအား ထပ်မံဖမ်းဆီးရမိခြင်းအား ဇူလိုင် ၁၅ နံနက် ၉ နာရီခန့်နှင့် ပုဒ်မပြောင်းလဲခဲ့ခြင်းအား မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် လည်းကောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များကို Yangon Police နှင့် ရဲဇာနည် Facebook စာမျက်နှာများတွင် ဖော်ပြခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းမိထားသူ နှစ်ဦးအား ပုဒ်မ ၃၀၇ မှ ပုဒ်မ ၄၄၀ သို့ ပြောင်းလဲဖွင့်လှစ်ကြောင်း သတင်းထုတ်ပြန်မှုကိုလည်း ဇူလိုင် ၁၅ ရက် မွန်းလွဲ ၁၂ နာရီ ၂၆ မိနစ် အချိန်တွင် Yangon Police နှင့် ရဲဇာနည် Facebook တို့၌ သတင်းဖော်ပြခဲ့ပြီး နောက်ပိုင်း လက်ရှိအချိန်အထိ သတင်းထပ်မံ ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း သိရသည်။
“ကျွန်တော်တို့ CEO ကို လုပ်ကြံတဲ့ကိစ္စနဲ့ပတ်သက်ပြီး နှစ်ယောက်ဖမ်းမိပြီးနောက်ပိုင်း ခုထိ ဘာမှထပ်မထူးသေးတဲ့ အခြေအနေပါ။ ကျွန်တော်တို့ကို အမှုနဲ့ပတ်သက်တဲ့ အခြေအနေ သေသေချာချာ ဖြေကြားပေးမယ့်သူ မရှိတော့ဘူး။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့တာဝန်ရှိသူတချို့ကို ဆက်သွယ်မေးမြန်းပေမယ့် အဆက်အသွယ် မရတာရယ်၊ အဆက်အသွယ် ရတဲ့သူတွေကလည်း အမှုစစ်ဆေးဆဲဖြစ်လို့ တိတိကျကျ မပြောနိုင်သေးဘူးလို့ပဲ ပြန်ပြောကြတယ်။ ဒါကြောင့် ဆက်လက်ဖော်ထုတ်နေတဲ့ အခြေအနေနဲ့ ရဲအမှုဖွင့်တဲ့ ပုဒ်မ အပြောင်းအလဲတွေကြောင့် အားမလို အားမရ ဖြစ်မိတာတော့ အမှန်ပါပဲ။ ဒီနေ့ထုတ် 7Day သတင်းစာမှာ ဒီအမှုကို သမ္မတရုံးက စိတ်ဝင်စားနေတယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောထားတာ ဖတ်ရတယ်။ ပြီးတော့ အစိုးရအပေါ် အထင်အမြင်လွဲစရာ ဖြစ်မှာစိုးလို့ လှမ်းမေးတာလို့လည်း သူကပြောထားတာ တွေ့ပါတယ်။ အဲဒီလို ပြောဆိုတာ 7Day မှာ ပါပြီးတဲ့နောက်ပိုင်း ရဲတပ်ဖွဲ့က ဘာမှထပ် မထုတ်ပြန်တော့ပါဘူး” ဟု The Daily Eleven သတင်းစာအယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။
Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင် ဇူလိုင် ၁၄ ရက်တွင် ကုန်းသီးဖြင့် ပစ်ခတ်လုပ်ကြံခံရသည့် သတင်းအား အခင်းဖြစ်ပြီး နောက်တစ်နေ့ ဇူလိုင် ၁၅ ရက်ထုတ် စံတော်ချိန် နေ့စဉ်သတင်းစာ၊ The Voice Daily သတင်းစာ၊ ပြည်မြန်မာသတင်းစာ၊ ပြည်ထောင်စုနေ့စဉ် သတင်းစာတို့မှ ရေးသားဖော်ပြခဲ့ကြသည်။ ယင်းနောက် တစ်ရက်ကျော်အကြာ ဇူလိုင် ၁၆ ရက်ထုတ် အစိုးရသတင်းစာများနှင့် 7Day Daily သတင်းစာတို့တွင် အဆိုပါ လုပ်ကြံမှုသတင်းအား ဖော်ပြခဲ့သည်။
“ဗဟန်းမြို့နယ်၌ ကိုယ်ပိုင်ယာဉ်တစ်စီးကို လေးခွ ကုန်းသီးဖြင့် ပစ်ခတ်ရာတွင် ပါဝင်ခဲ့သူများအား ဖမ်းဆီးရမိ ပြစ်မှုကျူးလွန်သူများအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိ” ဟူသည့် ခေါင်းစဉ်ဖြင့် ဇူလိုင် ၁၆ ရက်ထုတ် ကြေးမုံနေ့စဉ် သတင်းစာ၊ 7Day Daily တွင် “Eleven စီအီးအိုကို လုပ်ကြံသောအမှု သမ္မတရုံးက စိတ်ဝင်စား” ဟူသည့် ခေါင်းစဉ်တို့ဖြင့် သတင်းဖော်ပြခဲ့ခြင်းဖြစ်သည်။
ထို့ပြင် 7Day Daily သတင်းစာ၏ သတင်းဖော်ပြမှုတွင် အမှုပုဒ်မ ပြောင်းလဲဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ “---- ဗဟန်းမြို့မ ရဲတပ်ဖွဲ့မှူးက ဖြစ်စဉ်နှင့်ဆီလျော်သော ပုဒ်မကို တပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည် ----“ ဟု လည်းကောင်း၊ “အကျိုးပျက်ဆီးမှုဖြစ်တဲ့ ပုဒ်မ ၄၄၀ ကို ဖြစ်စဉ်နဲ့ ကိုက်ညီအောင်ပေးလိုက်တာ။ ဖြစ်စဉ်နဲ့ မဆီလျော်လို့ တခြားပုဒ်မတွေကို မတပ်တော့ဘူး” ဟုလည်းကောင်း ဖော်ပြထားသည်။
ယင်းကဲ့သို့ ဖြေကြားမှုအပေါ် ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူးထံ The Daily Eleven သတင်းစာက မေးမြန်းရာ “နောက်ဆုံးအခြေအနေကတော့ တရားခံတွေကိုစစ်ဆေးပါပဲ။ တရားခံကိုစစ်နေတဲ့ ကိစ္စကတော့ စစ်ဆေးဆဲကာလမှာ အကျယ်တ၀ံ့ ပြောလို့မရဘူးပေါ့။ ရဲလုပ်ငန်းမပြီးသေးလို့ ပြောလို့မရသေးပါဘူး။ အမှုပုဒ်မ ပြောင်းလိုက်တဲ့ ကိစ္စကလည်း ရာဇသတ်ကြီး ဥပဒေပုဒ်မထဲမှာ ပြဋ္ဌာန်းထားပါတယ်။ ကြည့်လို့ရရင် ကြည့်လိုက်ပါ။ ၃၀၇ ကလည်း အတိအလင်းပြပြီးသားပဲ။ ၄၄၀ ကလည်း အတိအလင်း ပြပြီးသားပဲ။ ဥပဒေနဲ့ အညီပဲလေ။ ဖြစ်စဉ်နဲ့ ကိုက်ညီတဲ့ပုဒ်မပါပဲ။ အဲဒီဖြစ်စဉ်နဲ့ ပုဒ်မနဲ့ ကိုက်ညီလို့ပေါ့” ဟု ဗဟန်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ကြည်က ဇူလိုင် ၁၆ ရက် ညနေ ၄ နာရီခန့်တွင် ပြန်လည်ဖြေကြားသည်။
လုပ်ကြံမှုတွင် ပါဝင်ကျူးလွန်သူများနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က ထပ်မံသတင်းထုတ်ပြန်ခြင်း မပြုတော့သော်လည်း အွန်လိုင်းဝါဒဖြန့်ချိရေး စာမျက်နှာအချို့တွင် လုပ်ကြံမှုနှင့် ပတ်သက်၍ မဟုတ်မမှန် ရေးသားမှုများ ပြုလုပ်လာကြောင်း တွေ့ရှိရသည်။
“အမှုကျူးလွန်တဲ့ တရားခံတွေနဲ့ နောက်ကွယ်က ပတ်သက်သူတွေကို ဆက်လက်ဖော်ထုတ်နေဆဲ အခြေအနေမှာ ၀ါဒဖြန့်ချိရေး လုပ်ဆောင်တာတွေကို တွေ့လာရတယ်။ Myanmar Express အပါအ၀င် အာဏာရှင် လက်ကိုင်တုတ် ၀ါဒဖြန့်ချိရေးတွေ၊ အာဏာရှင်အားပေးတဲ့ ဂျာနယ်လစ်တချို့စတဲ့ ၀ါဒဖြန့်ချိရေး Facebook Account တွေမှာ လူမှုရေးအရ ဂုဏ်သိက္ခာချဖို့ ဇာတ်လမ်း၊ ဇာတ်ညွှန်းမျိုးစုံနဲ့ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်လာကြတာကို တွေ့ရပါတယ်။ အခုဖြစ်စဉ်က လူသတ်ဖို့ ကြိုတင်အကွက်ချ စီမံတဲ့အပြင် လုပ်ကြံသူတွေနဲ့ ၀ါဒဖြန့်ချိသူတွေနောက်မှာ ကြိုးကိုင်သူတွေဟာ အတူတူပဲလို့တောင် သံသယဖြစ်စရာပါ။ ဒါ့အပြင် အခုလို မဟုတ်မမှန် ၀ါဒဖြန့်တာကိုပါ လုပ်လာတာဆိုတော့ နဂိုကတည်းက ဒါတွေအားလုံး စနစ်တကျ စီစဉ်ထားတယ်လို့ ပိုသုံးသပ်လို့ ရသွားပြီ။ တကယ်လို့ ဇူလိုင် ၁၄ ရက်က လုပ်ကြံမှုမှာ ကျွန်တော်တို့ CEO သေဆုံး၊ ဒါမှမဟုတ် ပြင်းထန်ဒဏ်ရာ ရခဲ့မယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ အသက်ကိုသာမက ဂုဏ်သိက္ခာကိုပါချဖို့ ကြိုပြင်ထားတဲ့ သဘောဖြစ်နေတယ်။ လုပ်ကြံမှုကြောင့် ဘာမှဖြစ် မသွားတဲ့အတွက် ဂုဏ်သိက္ခာ ကျဆင်းစေတာတွေ၊ ထင်ယောင်ထင်မှားဖြစ်အောင် သူတို့တွေ ဆက်လုပ်နေတဲ့ အနေအထားပါ။ ဒါကြောင့် CEO ဒေါက်တာသန်းထွဋ်အောင်ကို အသေသတ်ဖို့ လုပ်ကြံတဲ့သူတွေနဲ့ အခုလို ဂုဏ်သိက္ခာကျအောင် မဟုတ်မမှန် အပုပ်ချသူတွေဟာ အတူတူပဲ၊ ပတ်သက်ဆက်နွယ်သူတွေ ဖြစ်နိုင်တယ်လို့ ယူဆပါတယ်” ဟု The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။
ဇူလိုင် ၁၄ ရက်ဖြစ်စဉ်မှာ မသင်္ကာဖွယ်ရာ အခြေအနေ အများအပြား ရှိနေကြောင်း သိရသည်။ လူအများအပြား ရှိနေသော လူမြင်ကွင်းတွင် မှတ်ရလွယ်သည့် ကားနံပါတ်ဖြင့် (5D-3938) အခင်းဖြစ်မည့်နေရာ၌ အချိန်အတန်ကြာစောပြီး ရောက်ရှိနေကြောင်းလည်း သိရသည်။ ထို့ပြင် လုပ်ကြံမှုကျူးလွန်ရာတွင် ပါဝင်သူများအား ပတ်ဝန်းကျင်မှလူများ သတိထားမိနိုင်လောက်သည့် ပြုမူမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရပါသည်။
“ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မသင်္ကာစရာတွေ၊ စဉ်းစားစရာတွေ ရှိနေပါတယ်။ ကျူးလွန်သူတွေဟာ သူတို့ရှိနေတဲ့ လူစည်ကားတဲ့ နေရာမှာ ပတ်ဝန်းကျင်က သတိပြုမိလောက်တဲ့ မှတ်မိလွယ်တဲ့ ပြုမူမှုတွေ လုပ်ခဲ့ကြတယ်လို့ သိရတယ်။ ပြီးတော့ သူတို့ကားနဲ့ ထွက်ပြေးသွားချိန်မှာလည်း တခြားလမ်းတွေက သွားလို့ရတဲ့ အနေအထား ရှိပေမယ့် မီးပွိုင့်ရှိတဲ့ ဗိုလ်စိန်မှန်လမ်းဘက်အထိ သွားခဲ့တယ်လို့ သိရပါတယ်။ ကျွန်တော်တို့ အထင်တော့ CEO အပြန်လမ်းအဖြစ် အသုံးပြုနိုင်တဲ့ အဲဒီ ဗိုလ်စိန်မှန်လမ်းဘက်မှာ ကျူးလွန်မှုမှာ ပါဝင်ပတ်သက်တဲ့လူတွေ ရှိနေနိုင်သေးလို့ အဲဒီလမ်းကို သွားခဲ့တာလို့ ယူဆပါတယ်။ ညနေ ၆ နာရီ ၀န်းကျင်မှာဖြစ်တဲ့ လုပ်ကြံမှုကို ကျွန်တော်တို့ EMG Facebook မှာ ချက်ချင်းတင်ခဲ့တယ်။ ကျူးလွန်သူတွေ စီးသွားတာ ဘယ်ကားနံပါတ် ဆိုတာလည်း ဖော်ပြခဲ့တယ်။ အချိန်သိပ်မကြာခင်မှာပဲ အဲဒီ Taxi နဲ့ ယာဉ်မောင်းကို အလွယ်တကူ ဖမ်းမိခဲ့တယ်။ ပြီးတော့ ကျူးလွန်သူထဲမှာပါတဲ့ ကားပေါ်ကနေ စေခိုင်းသူဆိုသူကို ရဲကထပ်ဖမ်းမိတယ်။ ဒါပေမဲ့ ဒီနှစ်ယောက်မိပြီး နောက်ပိုင်းမှာ ကျန်တဲ့အခြေအနေတွေ ဘာမှထပ်ပြီး တိတိကျကျ မသိရတော့ဘူး။ လုပ်ကြံမှုမှာ ပါဝင်သူတွေ၊ နောက်ကွယ်က စေခိုင်းသူတွေအားလုံးကို ဖော်ထုတ်ဖမ်းဆီး အရေးယူမှု မလုပ်နိုင်ခင်မှာ Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင်နဲ့ သူ့မိသားစုဝင်တွေရဲ့ လုံခြုံရေး၊ ကျွန်တော်တို့ EMG ရဲ့ လုံခြုံရေး အခြေအနေကိုတော့ စိုးရိမ်မိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလုပ်ကြံမှုမှာ ပါဝင်ပတ်သက်သူတွေနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေ၊ အထောက်အထားတွေကိုလည်း ပြည်သူလူထု အကူအညီနဲ့ ဆက်လက်ဖော်ထုတ် သွားပါမယ်။ ပြည်သူကို အသိပေးသွားပါမယ်။ လူ့အသက်ကို ရန်ရှာတဲ့ လုပ်ကြံမှုကိုသာမက ဂုဏ်သိက္ခာချဖို့ပါ ထပ်ပြီးဝါဒဖြန့်လာတဲ့ ဘယ်သူ့ကိုမဆို ဥပဒေကြောင်းအရ ရင်ဆိုင်တုံ့ပြန် သွားပါမယ်” ဟု The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။
ဇူလိုင် ၁၄ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့်ပတ်သက်၍ “လူများစွာ အသုံးပြုပြီး ကြိုတင်စောင့်ဆိုင်း ကြံစည်တာ ဖြစ်နိုင်ပါတယ်။ ရုံးကအပြန်မှာ သွားမယ့်လမ်း နှစ်လမ်းလောက်ပဲ ရှိတဲ့နေရာမှာ စောင့်ဆိုင်းပြီးတော့ အထွက်မှာ တစ်ယောက်က သတင်းပို့ပြီး ကျန်တဲ့သူတွေက စောင့်ဆိုင်းလုပ်ကြံကြတာပါ။ လုပ်ကြံတဲ့ သူတွေထဲမှာ အသက် ၂၅ နှစ်နဲ့ ၃၀ ကျော် ၀န်းကျင်တွေပါနေတယ်။ အခုလိုမျိုး လုပ်ကြံတာတွေက ကျွန်တော်တို့ Eleven Media Group ရဲ့ ရပ်တည်ချက်နှင့် လုပ်ဆောင်ချက်တွေကို ဘယ်လိုမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး။ ပြည်သူလူထု လိုလားတဲ့ နိုင်ငံ့အပြောင်းအလဲကိုလည်း ဘာမှအန္တရာယ် ပြုနိုင်မယ် မထင်ဘူး။ ကျွန်တော့်အတွက်လည်း ဘာမှစိုးရိမ်တာ မဖြစ်ပါဘူး။ တစ်ခုပါပဲ။ ဒါဟာ နိုင်ငံရေး လုပ်ကြံအကြမ်းဖက်မှု ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် ကျွန်တော် အရမ်းစိုးရိမ်တယ်။ နိုင်ငံရေး အကြမ်းဖက်မှုတွေ ရှိလာရင်တော့ မကောင်းဘူး” ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားထားသည်။

No comments:

Post a Comment